လူသားများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်ရန် လိုအပ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် လက်ရှိကြုံတွေ့နေရသော ဖြစ်စဉ်များကိုလေ့လာကြည့်ပါက သစ်တောများ ပြုန်းတီးပျက်စီးခြင်း၊ တောရိုင်းတိရစ္ဆာန်များ နေထိုင်ရာဒေသများဖြစ်သည့် ရေ၊ မြေ၊ တော၊ တောင် ဂေဟစနစ်အမျိုးမျိုးပျက်စီးခြင်း၊ သစ်တောဖုံးလွှမ်းသောဧရိယာများတွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးမြေများ အလွန်အကျွံ ချဲ့ထွင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် မြေအသုံးချမှု ပြောင်းလဲခြင်း၊ ရေနေသတ္တဝါများ အလွန်အကျွံဖမ်းဆီးခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုများပြားသော စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုပ်ကြွင်းလောင်စာအခြေခံသည့် စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင် တစ်နေ့ထက်တစ်နေ့ ပျက်စီးလာသည်ကို ထင်ထင်ရှားရှားတွေ့မြင်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့်အတူ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များအပါအဝင် နောက်ဆက်တွဲ ဆိုးကျိုးများကို ရင်ဆိုင်ကြရလျက်ရှိပါသည်။