ဒေသတွင်း၌ ရေထွက်ပစ္စည်းအခြေပြု (MSME)အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် ပုစွန်အချိုခြောက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငါးနီတူပြုတ်ခြောက်လုပ်ငန်း၊ ငါးမုန့်(ခေါ်)ပါပရာလုပ်ငန်း၊ ငါးခြောက်လုပ်ငန်း၊ ငါးဆားနယ်လုပ်ငန်း၊ ငါးကျပ်တိုက်လုပ်ငန်း၊ ကင်းမွန်ခြောက်လုပ်ငန်း၊ ကြက်စာလုပ်ငန်းနှင့် မျှင်ငါးပိလုပ်ငန်းတို့ ရှိကြပါသည်။ ဤလုပ်ငန်းများ အားလုံးသည် ငါး၊ ပုစွန်များကို ဈေးကွက်ရှိရာသို့ ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းမဟုတ်ဘဲ ငါး၊ ပုစွန်ကုန်ကြမ်းများကို တစ်နည်းမဟုတ် တစ်နည်းပြုပြင်ထုတ်လုပ်၊ ထုပ်ပိုးပြုပြင်ကာ ဈေးကွက်သို့တင်ပို့ရောင်းချခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝင်ငွေပိုမိုရရှိစေနိုင်သော လုပ်ငန်းရပ်များ ဖြစ်ပါသည်။ ထို့အပြင် ၎င်းလုပ်ငန်း များသည်လည်း MSME လုပ်ငန်းများပင် ဖြစ်ပါသည်။ ၎င်းလုပ်ငန်းစုများသည် ရေထွက်ပစ္စည်းမျိုးစုံပေါင်းစုနေသည့် ငပလီမြို့ ဂျိတ္တောရပ်ကွက်တွင် အခြေတည်လျက်ရှိနေကြပါသည်။