လူသားတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံသည် အလွန်ပင်ဆန်းကြယ်သည်။ မြတ်ဗုဒ္ဓ၏ မိန့်တော်မူချက်အရ လူတစ်ယောက်ချင်းစီကို ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြင့် မောင်းနှင်နေကြခြင်းဟု ဆိုရမည်။ သိပ္ပံနည်းကျအရမူလည်း အသက်ရှင် ရပ်တည်နေသည့် လူသားတစ်ဦးထံတွင် ဇီဝယန္တရား၏ အလုပ်လုပ်ပုံကို ကမ္ဘာ့သုတေသီများက လေ့လာခဲ့ကြရာ အံ့ဩဖွယ်ရာကောင်းလောက်အောင်ပင် တိတိကျကျအလုပ်လုပ်နေကြတာကို တွေ့ခဲ့ကြရသည်။ ယင်းကို circadian hythm ဟုခေါ်ကြသည်။ မြန်မာမှုပြုရလျှင်တော့ ဇီဝနာရီ နရီစည်းချက်ဟု ဆိုရမည်ပင်။ ဇီဝနာရီသည် လူတစ်ယောက်၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာစနစ်များကို ညှိနှိုင်းကာ တိတိကျကျအလုပ်လုပ်သည်။ အစာခြေစနစ်သည် အစာစားချိန် နှင့်ကိုက်ညှိပြီး ပရိုတိန်းများထုတ်လုပ်ဖို့ပြင်ဆင်ပေးသည်။ ဇီဝနာရီတိတိကျကျ အလုပ်မလုပ်နိုင်ပါက ထိုလူသား ပျက်စီးကိန်းကြုံရတော့မည်ပင်ဖြစ်ပါသည်။