တလုံးတစည်းညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်အားမာန်ဖြင့် …
လွန်ခဲ့သည့် ၇၈ နှစ်က မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိရန်၊ နယ်ချဲ့လက်အောက်တွင် ခွဲခြားအုပ်ချုပ်ခံထားခဲ့ရသည့် တောင်တန်းနှင့် ပြည်မဒေသများအားလုံး အတူတကွ လွတ်မြောက်နိုင်ရန်အတွက် တိုင်းရင်းသားများ ပေါင်းစည်းညီညွတ်မှုကိုပြသကာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ကလေးတွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအချိန်မှစကာ ပင်လုံဟုဆိုလျှင် စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတ၊ ပင်လုံစိတ်ဓာတ်ဟုဆိုလျှင် စည်းလုံးညီညွတ်သည့် စိတ်ဓာတ်ဟူသည့် အနက်အဓိပ္ပာယ်ကို ဆောင်လာသည်။
