တပို့တွဲလသည် အင်္ဂလိပ်ပြက္ခဒိန်၏ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းကျရောက်ပြီး မြန်မာပြက္ခဒိန်တွင် တစ်ဆယ့်တစ်လမြောက်လဖြစ်သည်။ တပို့တွဲလကို ကျောက်စာအရေးအသား၌ တပိုင်ထွဲ၊ တပိုင်တွယ်၊ တပို့ထွယ်ဟု ရေးသားလေ့ရှိပြီး တပို့တွဲလဟု ခေါ်ဝေါ်ခြင်းမှာ ထန်းဖူးထန်းခိုင်တို့ တွဲညွတ်သောရာသီဖြစ်၍ ခေါ်တွင်ခြင်းဖြစ်သည်။ တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင်ဆွဲချပြီး ထန်းရည်ခံသည့်ကာလဖြစ်ပါသည်။ တပို့တွဲလသည် အလွန်ချမ်းအေးလှသောကြောင့် “နှာရည်ယိုရွဲ တပို့တွဲ” ဟုလည်း ခေါ်ဆိုကြသည်။ တပို့တွဲလသည် လဆန်းပိုင်းတွင် အအေးပိုသော်လည်း လပြည့်ကျော်သည်နှင့် အအေးပေါ့လာကာ နွေဦးပေါက်လာပါသည်။ တပို့တွဲလ၏ အထိမ်း အမှတ်ပန်းမှာ ပေါက်ပန်းဖြစ်ပြီး လဲပွင့်၊ လက်ပံပွင့်၊ နှင်းဆီပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းထိမ်ငိုပန်းတို့သည် ရောင်စုံဂန္ဓမာပန်းတို့နှင့်အတူ ပွင့်လန်းကြပါသည်။