တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာစေမည့် အသစ်တည်ဆောက်ပြီးစီးသော သမုတ်လွတ်လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံးတုံးတံတား
တနင်္သာရီတိုင်းဒေသကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၆၇၃၅ ဒသမ ၅၆ စတုရန်းမိုင် ဧရိယာရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် မြို့နယ် ၁၀ မြို့နယ် ဖြင့်ဖွဲ့စည်းထားသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁၄ သိန်းကျော် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်း ကျောင်း ပြုကြပါသည်။ တနင်္သာရီပင်လယ်ကမ်းရိုးတန်းအရှည် မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) ကျော်ရှည်လျားပြီး ကျွန်းငယ်ပေါင်း ၈၄၀ ကျော်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုများသည် အရှေ့တောင်အာရှနှင့် အာရှတိုက်တွင် နာမည်ကျော်ကြားပါသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း လှပသည့် ပင်လယ်၊ ရှည်လျားသည့်ကမ်းခြေနှင့် အေးချမ်းသာယာသော ကျွန်းစုများနှင့် တန်ခိုးကြီးစေတီပုထိုးများ ရှိသောကြောင့် ပြည်တွင်းပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လေ့လာ အပန်းဖြေ သွားလာလည်ပတ်ကြသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။
