မန္တလေးက အောင်ပွဲ
မူလတန်းကျောင်းသားဘဝ ဖတ်စာအုပ်ထဲက တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ် လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲနှင့် အမျိုးသား အောင်ပွဲ၊ ပြာသိုလ မြန်မာ့လွတ်လပ်ရေးအောင်ပွဲဟု အထပ်ထပ်ရွတ်ဆိုစွဲထင်ခဲ့ရသမို့၊ ပြာသိုလဆန်းသည်နှင့် မန္တလေး ကျုံးနံဘေးမှာ ဝှဲချီးကျင်းပသည့် လွတ်လပ်ရေးအောင်ပွဲနေ့အခမ်းအနားကို ငွေနှင်းမှုန် အသိပ်အသည်း အောက် တိုးဝှေ့ကျပ်ညှပ် ပျော်ရွှင်ခဲ့ရသည်များလည်း ယခုထိ သတိရနေမိသည်။ နိုင်ငံတကာသုံး ပြက္ခဒိန်မှ နှစ်ဆန်းဇန်နဝါရီသည် မြန်မာပြက္ခဒိန် ပြာသိုလနှင့်အများ ဆုံးတိုက်ဆိုင်သည်။ ထို့ကြောင့်လည်း နှင်းတွေထူထပ်စွာ ကျတတ်သည့် မန္တလေးဆောင်းကို လွတ်လပ်ရေးနေ့ အခမ်းအနားပွဲလမ်းများနှင့် တစ်ထပ်တည်းစွဲမှတ်နေမိ သည်။
