သံစဉ်၊ စာသား ရသမြောက်စွာရေးဖွဲ့ထားပြီး နားဆင်သူများ၏ စိတ်နှလုံးကိုကောင်းစွာ ညို့ယူဆွဲဆောင်နိုင်သည့် မြန်မာ့နာမည်ကျော် သီချင်းတစ်ပုဒ်ရှိသည်။ သီချင်းအမည်က “မြန်မာ့စိတ်ရင်း၊ မြန်မာ့ ရှုခင်း'။ ထိုသီချင်းကြားတိုင်း မြန်မာပီပီ နှစ်သက်မိ၏။ သည်မြေပေါ် တွင်နေ၊ သည်လိုစိတ်ရင်းမျိုးရှိသည့် ငါတို့လူမျိုးပါလားအတွေးဖြင့် ပီတိဖြစ်ရ၏။ အမြဲတမ်းလည်း ဂုဏ်ယူရသည်။ မြန်မာ့စိတ်ရင်းကို မနှစ်သက် သဘောမကျသူရှိမည်မထင်။ မြန်မာ့မြေပေါ်လာရောက် လည်ပတ်ကြပြီး မြန်မာတို့၏စိတ်ရင်းနှင့် ထိတွေ့ခံစားရသည့်အတိုင်း တိုင်းအပြည်ပြည်မှ လူမျိုးအသီးသီးတို့သည်ပင် မြန်မာ့စိတ်ရင်းကို သဘောကျစမြဲ။