သေဒဏ်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင်အဖွဲ့အစည်းမှ တရားဥပဒေကြောင်းအရ ရာဇဝတ်မှုတစ်ခုအတွက် အပြစ်ဒဏ်ပေးသည့်အနေဖြင့် သတ်စေခြင်းကို ဆိုလိုပါသည်။ အင်္ဂလိပ်ဘာသာဖြင့် Capital punishment ဟု သုံးနှုန်းလေ့ရှိကြပြီး လက်တင်ဘာသာ capitalis မှ ဆင်းသက်လာသည်။ လက်တင်ဘာသာတွင် ခေါင်းနှင့်ဆိုင်သောဟု အဓိပ္ပာယ်ရပြီး ရှေးယခင်ခေတ်များက ခေါင်းဖြတ်သတ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ရှေးကျသော ဥပဒေသဖြစ်သည့် ဟမ်မူရာဘီ၏ ကိုဓဥပဒေ (Babylonian Code of Hammurabi) တွင် “ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ” ဆိုသည့် ဥပဒေသပါဝင်ပါသည်။