မြန်မာ့ပဒေသရာဇ် ခေတ်နှောင်းကာလ နယ်ချဲ့ကိုလိုနီစနစ်အား တွန်းလှန်ရန် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ထောင်ရေး ကြိုးပမ်းခဲ့မှုများ
၁၈၇၅ ခုနှစ်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ ရုရှားလူမျိုးမစ္စတာဂျီ နဲနူကောဗ့် (Mr. G.Neniukov)အား မြန်မာ-ရုရှား ဆက်ဆံရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ချဉ်းကပ်ခဲ့သည်။ ၎င်း၏ အရှေ့တိုင်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီးများကိုသွားရောက် လည်ပတ်ခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အစောပိုင်းတွင် မန္တလေးမြို့ရှိ အင်္ဂလိပ် ကိုယ်စားလှယ် ကပ္ပတိန်စထရိုဗာ (Captain Strover)ထံ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်ကိုယ်စားလှယ်၏ အိမ်တွင်သာတည်းခိုခဲ့ပြီး မင်းတုန်းမင်း ရှေ့တော်သို့လည်း ဝင်ခဲ့သည်။
