ယဉ်ကျေးမှုဆိုသည်မှာ အတိတ်မှအမွေအနှစ်၊ ပစ္စုပ္ပန်၏ အထိန်းအကွပ်၊ အနာဂတ်အတွက် အင်အားဟူ၍ ဆိုရိုးစကားရှိပေသည်။ ယဉ်ကျေးမှုကိစ္စအဝဝကို ထူထောင်နိုင်ရန်အတွက် မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများသည်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ရှေးမြန်မာမင်းများလက်ထက်က ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်ဝင့်ကြွားစွာနေထိုင်ခဲ့ကြသည်နှင့်အညီ မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများကိုလည်း ဆယ့်နှစ် လရာသီပွဲတော်အလိုက် ပြုလုပ်ကျင်းပခဲ့ကြသည်။