သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် ပြည်သူအားလုံးပါဝင်
နေ့စဉ် “စား၊ ဝတ်၊ နေရေး” ကို ရင်ဆိုင်ဖြေရှင်းနေကြရသည့် မိသားစုတစ်စုတွင် မိသားစုဝင်အရေအတွက်၊ အသက်အရွယ်၊ အလုပ် လုပ်ကိုင်နိုင်မှု၊ ဝင်ငွေ၊ ပညာအရည်အချင်း စသည့် အခြေအနေများကို စနစ်တကျ စီမံခန့်ခွဲရသည်။ မိသားစုဝင်အရေအတွက်ပေါ် မူတည်၍ ဖြစ်ပေါ်နေသည့် ဝင်ငွေနှင့်အသုံးစရိတ်၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောကုန်ကျစရိတ်များ၊ မိသားစုဝင်တိုးပွားလာနိုင်မှုနှင့် ဝင်ငွေတိုးပွားလာနိုင်မှုစသည့်အချက်များကို ကြိုတင်မြော်တွေးကာ ပြင်ဆင်ဆောင်ရွက်ကြရသည်။ မိသားစုဝင်သက်ကြီးရွယ်အိုများအတွက် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုကုန်ကျစရိတ်များ၊ ငယ်ရွယ်သူများအတွက် ပညာရေးဆိုင်ရာလိုအပ်သည့် ကုန်ကျစရိတ်များနှင့် တစ်ဖက်တွင် အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်ရှိသူများထံမှရရှိနိုင်သည့် ဝင်ငွေတို့ကိုအခြေခံ၍လိုအပ်သည့် မိသားစုအစီအမံများကို ချမှတ်ကြရသည်။ မှန်ကန်သော မိသားစုအစီအမံချမှတ်ထားနိုင်မှသာ စီးပွားရေး၊ လူမှုရေးစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် မိသားစုတစ်စုဖြစ်နိုင်မည်ဖြစ်သည်။
