“အစ်ကိုကြီးရေ ကျွန်မတော့ဖြင့် သိပ်ကိုအားရှိသွားတာပါပဲ၊ အခုလည်း ရေပြန်ကျ၊ မူလအတိုင်း ပြန်ဖြစ်ပြီမို့ ကလေးကိုရွာပြန်ခေါ်သွားတော့မယ်နော်” ဟု အထက်ပါစကားကို ဆိုလာသူကား ကျွန်တော့်ညီမအရင်း မစန္ဒာဖြစ်သည်။ ဆိုရသည့် အကြောင်းရင်းမှာ ဆင်သေချောင်းဘေးရှိ သူတို့ရွာလေးရေဘေးသင့်မှုကစ၏။ အားလုံးသိပြီးသည့် အတိုင်း၊ ယခုနှစ် စက်တင်ဘာလ လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ထင်မှတ်မထားသည့် ရေဘေးဒုက္ခကို ရှမ်းပြည်နယ်ဘက်မှာရော နေပြည်တော်တပ်ကုန်းတစ်ဝိုက်က ဒေသခံပြည်သူများပါ တနင့်တပိုးခံစားခဲ့ရပါသည်။