တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို သာမညဖလ သုတ်တော်ဟူသော ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားခဲ့ရာမှ သာမညဖလ အခါတော်နေ့ဟူ၍ ဖြစ်ပေါ်ခဲ့ပါသည်။ အဖသတ်သော အဇာတသတ်မင်းအနေဖြင့် ဤခါဤနေ့တွင် စိတ်ကြည်လင်ခြင်းအလို့ငှာ တရားတော်နာကြားလိုစိတ်ဖြစ်ပေါ်ခဲ့သည်။ ဤတွင် မင်းအပါးခစားမှူးမတ်များက သာသနာမှတစ်ပါးသော အယူဝါဒရှိသူ ထိုစဉ်က ကျော်ကြားသော တိတ္ထိဆရာကြီး ခြောက်ပါးထံတွင် ချဉ်းကပ်ရန် တိုက်တွန်းသော်လည်း အဇာတသတ်မင်းမှာ ခပ်ဆိတ်ဆိတ်သာနေသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ဆီကို အဇာတသတ်မင်းသွားရောက်ချဉ်းကပ်၍ မေးမြန်းပြီးသားဖြစ်ချေသည်။ လိုချင်သော၊ လိုအပ်သော အဖြေကိုမရရှိခဲ့သောအဖြစ်ကို မှူးမတ်တို့က သိရှိထားခြင်းမရှိပေ။