ငါးရိက္ခာဖူလုံရေး ငါးမျိုးစိုက်ထည့်ပေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ ရေထွက်ကုန်များမှ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်တို့ကို မူဝါဒချမှတ် လုပ်ဆောင်လျက်ရှိသည်။ မျှော်မှန်းချက်အနေဖြင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် မျှော်မှန်းထားသည်။ ထို့အပြင် ရည်မှန်းချက် (၆)ချက်၊ လုပ်ငန်းစဉ်(၂၅)ချက်ကို ရေးဆွဲချမှတ်ပြီး ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။
