ကိုဗစ် - ၁၉ အလွန် လူငယ်တို့၏ အနာဂတ်အရေး
၂၀၁၉ ခုနှစ် နှောင်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ သည် နှစ်နှစ်ကျော်လာသည့် ယနေ့ထက် တိုင် ကူးစက်မှုများဆက်လက်ရှိနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ မှာ ဗီဇမျိုးကွဲများဖြင့် ဆက်လက် ရှင်သန်နေဆဲဖြစ်ရာ ကူးစက်မှုထိန်းချုပ်ရေး၊ ကာကွယ်ရေးနှင့် ကုသရေးများ ဆောင်ရွက်နေရသဖြင့် အချိန် ကြာလာသည်နှင့်အမျှ ယင်းကြောင့် ဖြစ်ပွားလာသည့် အကျိုးဆက်များသည် ကဏ္ဍအသီး သီးသို့ သက်ရောက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ကျဆင်းနေသည့် စီးပွားရေးများ ပြန်လည်ထူထောင်ရေး၊ ဝင်ငွေလျော့ကျလာမှု၊ ပညာသင်ကြားရာတွင် ကွဲပြားခြားနားလာမှု၊ ကာကွယ်ဆေး ရရှိနိုင်မှုတို့တွင် မညီမျှမှုများကြောင့် ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများ အပေါ် အချိုးမညီမျှ မှုများ ဖြစ်ပေါ်လာကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
