နွေရာသီနှင့် အပူဒဏ်ကာကွယ်နိုင်ရေး
နိုင်ငံတစ်ဝန်း၌ မတ်လနှောင်းပိုင်းကတည်းက အပူချိန်တရိပ်ရိပ်မြင့်တက်လာလျက်ရှိသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် တချို့သောဒေသများတွင် အပူချိန် စံချိန်တင်မြင့်တက်လျက် ရှိသည်။ မတ် ၃၁ ရက်တွင် ချောက်၊ မင်းဘူး၊ မကွေးနှင့် တောင်တွင်းကြီးမြို့များ၏ အပူချိန်သည် ၄၂ ဒီဂရီဆဲလ်စီးယပ်ဖြစ်သည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်လောက်သည်ပင်လျှင် လွန်စွာပူပြင်းလှပါသည်။ နေ့စဉ်မြင့်တက်လျက်ရှိသော အပူချိန်ကြောင့် ယခုရက်ပိုင်အတွင်း မိုးလင်းကတည်းက ချွေးတဒီးဒီးကျပြီး နေရထိုင်ရခက်လာသည်။ လူတိုင်း၏နှုတ်ဖျားတွင် ပူလိုက်တာဆိုသောစကားကိုပဲ နေ့စဉ်ကြားနေရသည်။ မွန်းလွဲပိုင်းအပူချိန်သည် နေတစ်စင်းတည်းမှ ဟုတ်ရဲ့လားဟုပင် ထင်ရသည်။ လူကြီး၊ လူငယ်အားလုံး အပူဒဏ်ကို အလူးအလဲခံနေကြရသည်။
