ပြည်ထောင်စုအတွေး ပြည်ထောင်စုအရေး
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သော နိုင်ငံဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းလူမျိုးစုကြီးများအပြင် လူမျိုးခွဲ၊ လူမျိုးငယ်များ ၁၃၅ မျိုးခန့် စုစည်းနေထိုင်ကြသည်ဟု အသိအမှတ်ပြုထားသည်။ စတင်အခြေချ မွေးဖွားရှင်သန်ရာ နယ်မြေဒေသအလိုက် ကချင်လူမျိုးအများစု နေထိုင်ရာဒေသကို ကချင်ပြည်နယ်၊ ရှမ်းလူမျိုးအများစုနေထိုင်ရာဒေသကို ရှမ်းပြည်နယ်၊ ကရင်လူမျိုးအများစုနေထိုင်ရာဒေသကို ကရင်ပြည်နယ်စသည်ဖြင့် အများစုလူမျိုးကို အစွဲပြု၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အမည်နာမသတ်မှတ်ထားသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် လူမျိုးပေါင်းစုံတို့ စုစည်းနေထိုင်ကြသည်။
