တိမ်စိုင်တိမ်လိပ်များ အုံ့မှိုင်းနေသကဲ့သို့ စိန်ပန်းနီနီများလည်း ဝေဆာပွင့်ဖူးနေချေပြီ။ သဘာဝတရားကို သိမြင်လိုက်ကတည်းက ရာသီစက်ဝန်းတစ်ပတ်လည်၍ အခြေခံပညာကျောင်းများ ဖွင့်တော့မည်ကို မိဘ၊ ဆရာနှင့် ကျောင်းသား ကျောင်းသူများ သိကြလေသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ နိုင်ငံတော်က မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပေးထားပြီးဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်အတွက်လည်း ပညာရေးဝန်ကြီးဌာနက ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်များ၊ မြို့နယ်ပညာရေးမှူးများ၊ သင်ကြားရေးဝန်ထမ်းများကို သင်ကြားရေးဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်သည်။ စာသင်ကျောင်း များအတွက် လိုအပ်သောအဆောက်အအုံများ၊ သင်ထောက်ကူပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ကျောင်းဖွံ့ဖြိုးမှု၊ ကျောင်းကျန်းမာရေး စသည့်လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး ဖြစ်သည်။