နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ အကျိုးရှိရှိအသုံးချနိုင်ရေးက ပဓာနကျလှသည်။ သဘာဝသယံဇာတအရင်းအမြစ်များသည် ကုန်ခန်းတတ်သည့်သဘောရှိသည်။ ပထဝီအနေအထားအရ သဘာဝသယံဇာတအရင်းအမြစ်ဆိုသည်မှာ နိုင်ငံတိုင်းအတွက် လိုအပ်သလိုခွဲဝေချထားပေးနိုင်သည့် အရာမဟုတ်ပေ။ ကံတရားအရ သဘာဝကပေးထားသည့် အချိန်တန်သည့်အခါ ကုန်ခန်းနိုင်သော လက်ဆောင်များပင်ဖြစ်သည်။ သယံဇာတပေါကြွယ်ဝသည့် နိုင်ငံများသည်ပင် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးပြုနိုင်ခြင်းမရှိသည့်အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျရတတ်သည်။ သဘာဝသယံဇာတမရှိသော်လည်း နိုင်ငံတွင်းရှိ လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ အသုံးချနိုင်သည့် နိုင်ငံများက ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို ရောက်ရှိနိုင်ကြသည်။