ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း
ဝိသာခါသူဌေးမကြီးသည် သူ၏သားသမီးများကလည်း ကျန်းမာရေးကောင်း၏။ အသက်ရှည်သည်။ ထို့ကြောင့် ၎င်းအား အလွန်မင်္ဂလာရှိသော အမျိုးသမီးကြီးသူဌေးကတော်ဟု လူတိုင်းက အသိအမှတ်ပြုကြလေသည်။ သာဝတ္ထိပြည်သူပြည်သားများကလည်း အလှူလှူဒါန်းတိုင်း ဝိသာခါသူဌေးမကြီးကို အမြဲဖိတ်ကြားသည်။ တစ်နေ့သ၌ ပွဲလမ်းသဘင်တစ်ခုတွင် ဖိတ်ကြားသည့်အရပ်၌ ဧည့်ခံကျွေးမွေးသည်ကို စားသောက်ပြီးနောက် မဟာလတာတန်ဆာကြီးကို ဆင်ယင်လျက်လူအပေါင်းနှင့် ကျောင်းတော်သို့ ဝိသာခါသူဌေးကတော်ကြီး သွားလေသည်။ သူသည် ကျောင်းတော်သို့ရောက်သောအခါ သူ၏မဟာလတာတန်ဆာကို အပေါ်ရုံဖြင့်ထုပ်လျက်သူ၏ကျွန်မအား ဤအထုပ်ကိုယူခဲ့ဟု ပေးထားလေသည်။ သူသည် သူ့ယောက္ခမပေးထားသော ပေါ့ပါးသည့် “ဃနမဋ္ဌ” တန်ဆာကိုဝတ်လျက် ဘုရားရှင်ထံသို့သွား၍ တရားနာလေသည်။ တရားနာပြီးသောအခါ သူသည် ဘုရားရှင်အားဦးချပြီး ထ၍ပြန်လာခဲ့သည်။
