နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်လုပ်ငန်းခွန်၏အခန်းကဏ္ဍ
နိုင်ငံအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒီမိုကရေစီစနစ် တိုးတက်ထွန်းကားလာစေရန် ဆောင်ရွက်ဖို့ဆိုသည်မှာ လွယ်ကူလှသည့်အလုပ်မဟုတ်ပါ။ ပြုပြင်ပြောင်းလဲမှု များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်မှသာ မိမိတို့သွားလိုသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ် ပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်း များသာမက ပြည်သူအားလုံး ကိုယ်စီကိုယ်စီ အသိစိတ်ဓာတ် ပြည့်ဝစွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်လှပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product-GDP) မြင့်မားလာစေရေး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အခွန်အကောက် ကောက်ခံရရှိငွေ မြင့်မားတိုးတက်လာစေရေး ဆောင်ရွက်ရန်မှာ လည်း အရေးကြီးပါသည်။
