Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၈

ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကား ပြောကြားသည့်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်ပသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ပြည်ပသို့ တာဝန်ပေးစေလွှတ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာ ရွေးချယ်စေလွှတ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုယ်စားပြုသည့်အတွက် စောင့်ထိန်းရမည့်ကျင့်ဝတ်များကို အလေးထားလိုက်နာစေလိုကြောင်း၊ မိမိသွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုများကိုလည်း အလေးထားရမည်ဖြစ်ပါကြောင်း၊ မိမိကိုယ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် အစဉ်အမြဲကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို အမှားအယွင်းနည်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို သစ္စာရှိရန်နှင့် နိုင်ငံတော် အပေါ်သစ္စာရှိရန် လိုအပ်ပါကြောင်း၊ မိမိ၏ပြုမူနေထိုင်မှုများကို ချင့်ချိန်သုံးသပ်၍ လုပ်သင့်လုပ်ထိုက်သည်ကိုလုပ်၍ မလုပ်သင့် မလုပ်ထိုက်သည်ကို မလုပ်ရန်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ပကတိနိုင်ငံရေး၊ စီးပွားရေး၊ ပထဝီအနေအထားများကို မှန်မှန် ကန်ကန်သိရှိရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နိုင်ငံတကာနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်းသည် National Characteristic ကိုလည်း မြှင့်တင်ရာ ရောက်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုနှင့်အညီ မြန်မာနိုင်ငံနှင့် အိမ်နီး ချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြားနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ကာ မိမိနိုင်ငံ၏ မူလရပ်တည်ချက်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သံတမန်များ၏ လုပ်ငန်းတာဝန် (၅) ရပ်ကို ကျေပွန်စွာဆောင်ရွက်၍ ပြည်ပရောက် မိမိနိုင်ငံသားများ၏ အကျိုးကို တတ်စွမ်းသရွေ့ ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ ယခင်သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့်နိုင်ငံများကို တစ်ဦးချင်းစီ မိတ်ဆက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သွားရောက်ကြမည့် နိုင်ငံအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရည်မှန်းချက်များကို အသေးစိတ်လမ်းညွှန် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင် မည့်သူများအနေဖြင့် သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင်ကြိုးစားကြရန် မှာကြားလိုပါကြောင်း၊ သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်ပြီး Commu-nication Skill၊ Language Skill၊ Negotiation Skill များ တိုးတက်စေရန် အစဉ်လေ့လာ ဆည်းပူး၍ မြှင့်တင်စေလိုပါကြောင်း၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု ရှိရန်နှင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် ကြီးပွားတိုးတက်အောင်မြင်စေလိုကြောင်း ဆုတောင်းစကား  ပြောကြားသည်။

သတင်းစဉ်