ရန်ကုန် ဧပြီ ၂၅
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းပျံသန်းမှုလုပ်ငန်းဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးဌာနသို့ရောက်ရှိရာ အင်ဂျင်နီယာချုပ်က လေယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သည့် လေယာဉ်စတင်မထွက်ခွာမီနှင့် ပြန်လည်ရောက်ရှိချိန်များတွင် နေ့စဉ်ပုံမှန်စစ်ဆေးမှုပြုလုပ်ခြင်း၊ လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများအလိုက် သတ်မှတ်သက်တမ်းပြည့်ချိန်တွင် စစ်ဆေးမှုပြုလုပ်ခြင်းစသည့် လေယာဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်
ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လေယာဉ်များ ဘေးကင်းလုံခြုံစွာပျံသန်းနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများသည် အရေးကြီးကြောင်း၊ တာဝန်ယူဆောင်ရွက်သည့် အင်ဂျင်နီယာများအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တိတိကျကျ လိုက်နာစစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လေယာဉ်အပိုပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဌာနခွဲများအလိုက် အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းဆောင်ရွက်နိုင်ရေး စနစ်တကျ စီမံခန့်ခွဲမှုပြုလုပ်ပေးရန် လိုအပ်ကြောင်းမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အစဉ်ကောင်းမွန်အောင် ထိန်းသိမ်း
ထို့နောက် မြေပြင်ဝန်ဆောင် မှုလုပ်ငန်းဌာနသို့ရောက်ရှိရာ ဌာနခွဲတာဝန်ခံအရာရှိက စက်၊ ယာဉ်၊ ယန္တရားများ အသုံးပြုနေမှု၊ ကြံ့ခိုင်ရေးအတွက် စစ်ဆေးပြုပြင်ဆောင်ရွက်နေမှုနှင့် ပြည်တွင်း/ပြည်ပ လေယာဉ်များအတွက် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နေ့စဉ်ဆင်းသက်လျက်ရှိသော လေယာဉ်များအား မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ အပြည့်အဝဝန်ဆောင်မှုပေးနိုင်ရေး၊ ဌာနရှိယန္တရားများ အစဉ်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို အစီအစဉ်ရေးဆွဲချမှတ်ကာ ဆောင်ရွက်သွားရန်၊ ယန္တရားများ ကိုင်တွယ်မောင်းနှင်သည့် ဝန်ထမ်းများ ကျွမ်းကျင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မွမ်းမံသင်တန်းများကို သတ်မှတ်ကာလအတိုင်း စနစ်တကျ သင်ကြားဖွင့်လှစ်ပို့ချသွားရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ခါးဆက်မပြတ်စေရေး လေ့ကျင့်မွေးထုတ်ဆောင်ရွက်သွားကြရန်မှာကြားသည်။
ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းနိုင်ရေး
ယင်းနောက် ပျံသန်းရေးဌာနသို့ရောက်ရှိရာ ပျံသန်းရေးဌာနမှူးက မြန်မာအမျိုးသားလေကြောင်း နေ့စဉ်ပျံသန်းလျက်ရှိသော ခရီးစဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းနိုင်ရေးအတွက် ပျံသန်းရေးတာဝန်ထမ်းဆောင်မည့် လေယာဉ်အမှုထမ်းများ၊ တာဝန်မထမ်းဆောင်မီ ပြင်ဆင်ဆောင်ရွက်ရမည့် သတ်မှတ်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်း၊ လေယာဉ်များ ခရီးစဉ်တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းမှု ရှိ/မရှိ စောင့်ကြည့်ထိန်းသိမ်းဆောင်ရွက်ခြင်း၊ နေ့စဉ်ပျံသန်းမှုဆိုင်ရာ မှတ်တမ်းအချက်အလက်များစိစစ်၍ စစ်ဆေးပြင်ဆင်ဆောင်ရွက်ရန်လိုအပ်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာဌာနများသို့ပေးပို့ကာ ပြုပြင်ဆောင်ရွက်စေခြင်းစသည့် ပျံသန်းမှုလုပ်ငန်းအတွက် ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ မြန်မာအမျိုးသားလေကြောင်း အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာအမျိုးသားလေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ (Board of Director-BOD) များနှင့်တွေ့ဆုံကာ ATR လေယာဉ်များ အင်အားအပြည့်ပျံသန်းအသုံးပြုနိုင်ရေးအတွက် ရေးဆွဲထားသည့် ပြုပြင်ရေးလုပ်ငန်း အချိန်ဇယားအတိုင်းထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ နိုင်ငံတော်ပိုင် အလံတင်လေကြောင်းလိုင်း (Flag Carrier) ဖြစ်သည်နှင့်အညီ ခရီးသွားပြည်သူများ ယုံကြည်အားကိုးရသည့် လေကြောင်းလိုင်းဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဌာနခွဲများအလိုက် လေကြောင်းလိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းသိပ္ပံကျောင်းသင်တန်းခန်းမ၌ မြန်မာအမျိုးသားလေကြောင်းနှင့်လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများအားတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
