ကမ္ဘာပေါ်တွင် အဝတ်အထည်လုပ်ငန်းများအတွက် ဝါဂွမ်းသည် အဓိကကုန်ကြမ်းဖြစ်သော်လည်း နိုင်လွန်၊ ရေယွန်၊ ပိုလီယက်စတာစသော ချည်မျှင်တုများကို ပေါပေါများများ ထုတ်လုပ်သုံးစွဲလာနိုင်သည့်အခါတွင် ဝါဂွမ်းသုံးစွဲမှုလျော့ကျလာသည်။ ဝါဂွမ်းကုန်ကြမ်းသုံးစွဲမှုသည် ဒေသအလိုက်၊ အချိန်အခါအခြေအနေအလိုက် အတက်အကျရှိနေပြီး ချည်မျှင်တုများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများရှိနေသော်လည်း ဖွံ့ဖြိုးပြီး ဝင်ငွေမြင့်မားသည့်နိုင်ငံများတွင် သဘာဝချည်မျှင်ဖြစ်သည့်ဝါကို ပိုမိုသုံးစွဲလာကြကြောင်း ဝါပညာရှင်တစ်ဦးက ဆိုသည်။
မိမိတို့နိုင်ငံတွင် ဝါကို ဧကငါးသိန်းကျော် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲမှု ဖူလုံအောင်ထုတ်လုပ်နိုင်စွမ်းရှိသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်စွမ်းရှိသော်လည်း လက်ရှိအခြေအနေတွင် ပြည်ပမှချည်ထည်များ တင်သွင်းနေရသည်။ ထို့အပြင် စိုက်ပျိုးထွက်ရှိလာသည့် ဝါကို ဝါဂွမ်းအဖြစ် စနစ်တကျမထုတ်လုပ်နိုင်သေးခြင်း၊ ဝါကုန်ကြမ်းမှ ချည်ချောထုတ်လုပ်သည့်စက်၊ ဝါဗိုင်းငင်သည့်စက်၊ ဝါကြိတ်စက်၊ ဝါစေ့ဆီကြိတ်စက် စသည့်စက်များ အဆင့်မီတည်ထောင်ရန်လိုအပ်ခြင်း စသည့်အချက်များကြောင့် ဝါစိုက်ပျိုးရေးလုပ်ငန်းမှာလည်း အဓိကအားဖြင့် ကုန်ကြမ်းထုတ်လုပ်သည့် အဆင့်တွင်သာ ရောက်ရှိနေရသည်။
ကမ္ဘာ့နိုင်ငံအများအပြားတို့၌ ဝါကိုစိုက်ပျိုးကြရာတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယနိုင်ငံကြီးများနှင့် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ ဗဟိုအာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများ စသည်တို့ပါဝင်ပြီး အထွက်နှုန်းများအနေဖြင့် တစ်ဧကလျှင် အနည်းဆုံးပျမ်းမျှပိဿာ ၃၀၀ ကျော်မှသည် အများဆုံးပျမ်းမျှပိဿာ ၁၃၀၀ ကျော်အထိ ထွက်ရှိကြသည်ဟုသိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိဝါစိုက်ဧက ငါးသိန်းကျော်ရှိနေသည်ဟုဆိုရာ တစ်ဧကလျှင် ပျမ်းမျှပိဿာ ၇၀၀ ထွက်ရှိမည်ဆိုပါက လူဦးရေ သန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးတွင် အခြေခံလိုအပ်ချက် (၄) ရပ်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့်အညီ ဝါမျိုးကောင်းမျိုးသန့်ရရှိအောင် ဆောင်ရွက်ခြင်း၊ မြေကို စနစ်တကျပြုပြင်ခြင်းနှင့် အချိန်အခါ ကိုက်ညီမှန်ကန်စွာ မြေသြဇာများထည့်သွင်းခြင်း၊ စိုက်ပျိုးရေကို လိုအပ်ချိန်နှင့်အညီ အောင်ရေရရှိရန် ဆောင်ရွက်ခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာကျင့်သုံးခြင်းအားဖြင့် မျှော်မှန်းသည့် ဝါပန်းတိုင်အထွက်နှုန်းကို ရရှိနိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ ဝါကိုအခြေခံတဲ့ စက်မှုလုပ်ငန်းဟာ အသေချာဆုံးနဲ့ အထိရောက်ဆုံးသော လုပ်ငန်းဖြစ်ပါတယ်။ လူတို့အတွက် အဓိကလိုအပ်တဲ့ အဝတ်အစားကို ပြည်တွင်း ဝါထုတ်လုပ်မှုက လုံလောက်မှုများစွာပေးနိုင်တဲ့ အခြေအနေရှိပေမယ့် ချည်၊ ချည်ထည်ထုတ်လုပ်ဖို့ လိုအပ်ချက်ရှိနေတာကြောင့် လက်တွေ့မှာ ချည်အမျိုးမျိုးကို ပြည်ပက တင်သွင်းနေရတာကလည်း မဖြစ်သင့်ပါဘူး။ ဝါစိုက်ဧက ၅၂၄၀၀၀ ခန့်ရှိတာမို့ မျိုးကောင်းတဲ့ချည်မျှင်ရှည်ဝါကို ထိထိ ရောက်ရောက်စိုက်ပျိုးပြီး ဝါကိုအခြေခံတဲ့ ဝါဂွမ်း၊ ချည်၊ ချည်ထည်လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နိုင်မယ်ဆိုရင် အကျိုးများစွာရှိမယ်ဆိုတာ ထောက်ပြမှာကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြီးခဲ့သည့် ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများအား တွေ့ဆုံမှာကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါကို တိုးချဲ့စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရေး၊ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာအရည်အသွေးကောင်းသော (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးရေး၊ ထိုမှထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ရေးတို့အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်သွားရေးစသည်တို့ကို နိုင်ငံတော်အကြီးအကဲက ယခင်ကလည်း အမှာအကြားရှိခဲ့သည်။
ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းနှင့်ဆက်စပ်၍ ဝါကြိတ်စက်၊ ဝါစေ့ဆီစက်၊ တိရစ္ဆာန်အစာစက်၊ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ စသည်တို့ ဖွံ့ဖြိုးလာမည်ဆိုပါက ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ချည်ထည်များကို ခေတ်မီတန်ဖိုးမြှင့် ချည်ထည်များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များကိုပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ ကြိုးပမ်းကြရန်လိုသည်။ ကမ္ဘာတွင် ချည်မျှင်တုများက တွင်ကျယ်နေသည့်တိုင် သဘာဝဝါဂွမ်းချည်မျှင်မှာလည်း တန်ဖိုးတစ်ခုဖြင့် ရပ်တည်နေခြင်းဖြစ်သည့်အလျောက် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးနှင့် ပိုလျှံသည်တို့ကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အဆင့်မြင့်ဝါ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ချည်မျှင်၊ အထည်အလိပ်ထုတ်လုပ်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရပါမည့်အကြောင်း။ ။
