နေပြည်တော် ဧပြီ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများအတွက် ဝန်ထမ်းအိမ်ရာအသစ်များ ပြန်လည်တည်ဆောက်ပေးခြင်းလုပ်ငန်းနှင့် အနီရောင်အဆင့်ပျက်စီးသော ဝန်ထမ်းအိမ်ရာအဆောက်အအုံ ပြင်ဆင်ခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည် တည်ဆောက်နေသည့် နေပြည်တော်ကောင်စီ နယ်မြေ အကွက်အမှတ် (၈-က)သို့ သွားရောက်ပြီး လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က Modular House များဖြင့် ယာယီနေထိုင်နေသည့် နိုင်ငံ့ဝန်ထမ်းများကို အမြန်ဆုံးနေရာချထားပေးနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများကို မဂ္ဂနီကျု ၈ အထိ ငလျင်ဒဏ်ခံနိုင်စေရေး ဒီဇိုင်းထုတ်လုပ်ထားပြီးဖြစ်၍ စနစ်တကျသိရှိလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေးစစ်ဆေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်ထားသော အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများ လုပ်ငန်းအခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ဒီဇိုင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များရှိပါက ဌာနဆိုင်ရာများသို့ အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဇူလိုင်လကုန်တွင် ပြီးစီးရန်သတ်မှတ်ထားသည့် အဆောက်အအုံများပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ကွန်ကရစ်လမ်းနှင့် လျှပ်စစ်မီးစသည့် Infrastructure များပါ တစ်ပါတည်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများက အိမ်ရာစီမံကိန်းတည်ဆောက်ခြင်း ဆိုင်ရာများနှင့်စပ်လျဉ်း၍ အိမ်ရာစီမံကိန်းလုပ်ငန်း လျာထားချက်၊ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများအတွက် အကွက်အမှတ် (၈-က)တွင် အဆောက်အအုံ ၆၁ လုံး (၉၇၆ ခန်း)၊ အကွက် အမှတ် (၈-ခ)တွင် အလုံး ၄၀(အခန်း ၆၄၀)၊ အကွက် အမှတ်(၃)တွင် ၇၈ လုံး (၁၂၄၈ ခန်း)၊ အကွက်အမှတ် (၄)တွင် ၁၁၂ လုံး (၁၇၉၂ ခန်း) စုစုပေါင်းတိုက် ၂၉၁ လုံး (အခန်း ၄၆၅၆ ခန်း) ကို စတင်တည်ဆောက်လျက်ရှိပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အရည် အသွေးပြည့်မီစွာ ပြီးစီးရေး စနစ်တကျ ကြပ်မတ်၍ တည်ဆောက်လျက်ရှိသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ အနီရောင်အဆင့် သတ်မှတ်ထားသော အဆောက်အအုံများ ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Standard Operation Procedure-SOP) ကို ပြုစုဖြန့်ဝေထားပြီးဖြစ်၍ ကုမ္ပဏီများအနေဖြင့် ပြင်ဆင်ခြင်းအပိုင်းတွင်လည်းကောင်း၊ သက်ဆိုင်သောဌာနများ၏ ကြီးကြပ်မှုအပိုင်းတွင်လည်းကောင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဇူလိုင်လကုန် ပြီးစီးနိုင်သော အဆောက်အအုံများကို ဦးစားပေးစိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ Modular House များတွင် ယာယီနေထိုင်သော ဝန်ထမ်းများကို ဆောလျင်စွာပြန်လည် နေရာချထားပေးနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
ငလျင်ကြောင့် ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင် ရမည့်ဝန်ထမ်းအိမ်ရာ အဆောက်အအုံ ၁၃၃၄ လုံး အနက် ၁၁၀၄ လုံးအား ပြင်ဆင်ပြီးစီး၍ အဆောက် အအုံ ၉၂၄ လုံး (အိမ်ထောင်စုအနေဖြင့် ၁၀၈၄၁ စုနှင့် အပျို / လူပျို ၁၂၆၈၀ စုစုပေါင်းဝန်ထမ်းအင်အား ၂၃၅၂၁ ဦး)အား ပြန်လည်နေရာချထားပေးပြီး ပြုပြင်ဆဲ အနီရောင်အဆင့် အဆောက်အအုံ အလုံး ၂၃၀ အား ပျက်စီးမှုအမျိုးအစားအလိုက် ပြုပြင်ရမည့် SOP များနှင့်အညီ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု လက်မှတ်ရရှိပြီးသော Professional Engineer (PE) များ၊ Register Senior Engineer (RSE)များက တာဝန်ခံ၍ စနစ်တကျပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
