နေပြည်တော် ဧပြီ ၂၂
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း/ အားကစားရုံများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့သွားရောက်၍ ဧည့်ခန်းမ၌ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ Synthetic ပြေးလမ်း၊ Indoor Stadium (A , B , C) ရုံ၊ ရေကူး ကန်၊ ဖူဆယ်အားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက်နှင့် စနူကာအားကစားရုံ၊ မြားပစ်အားကစားကွင်းနှင့် ဘိုးလင်းအားကစားခန်းမတို့ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို Max Myanmar ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူနှင့် အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းတို့က ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း VIP မှန်ဧည့်ခန်းမ မျက်နှာကြက်နှင့် အခန်းပတ်လည်မျက်နှာစာမှန်များ တပ်ဆင်ပြီးစီးမှု၊ Synthetic ပြေးလမ်း ခင်းကျင်းပြီးစီးမှု၊ ဘောလုံးကွင်းမြက်ခင်းပြင်နှင့် ရေဖျန်းစနစ် တပ်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြက်ခင်းပြင် စိမ်းလန်းစိုပြည်စေရေးနှင့် ပြေးလမ်းများ ရေရှည်တည်တံ့စေရေးအတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၊ (B) နှင့် (C) တို့ကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ ပြိုင်ပွဲ ကန်၊ ဒိုင်ဗင်ကန်နှင့် လေ့ကျင့်ရေးရေကူးကန်၊ ဖူဆယ်အားကစားရုံ၊ လက်ဝှေ့အားကစားရုံနှင့် ဘိလိယက် နှင့်စနူကာအားကစားရုံ၊ မြားပစ်အားကစားကွင်းနှင့် ဘိုးလင်းအားကစားခန်းမတို့ကို ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီပြီး အရည်အသွေးကောင်းမွန်စေရေး၊ ရေရှည်တည်တံ့စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူများက စေတနာထား၍ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့ပြီး ပြည်သူများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လာရောက်လေ့ကျင့် ကစားနိုင်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် စနစ်တကျစီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
