နေပြည်တော် ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာရိုးရာယဉ်ကျေးမှုရိုးရာ အစဉ်အလာများနှင့်အညီ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပဆင်နွှဲလျက်ရှိကြသည်။
ယနေ့မဟာသင်္ကြန်အကြတ်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များနှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များဖြစ်သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာအတာ သင်္ကြန်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတပ်နယ်အတွင်းရှိ အတာရေကစားမဏ္ဍပ်၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာမဟာသင်္ကြန်မဏ္ဍပ်နှင့် ကလောတပ်နယ်၊ ဖယ်ခုံတပ်နယ်၊ အောင်ပန်းတပ်နယ်၊ ဗထူးတပ်နယ်နှင့် လွိုင်ကော်တပ်နယ်တို့ရှိ မိသားစုရေကစားမဏ္ဍပ်များ၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၊ ခိုလမ်မြို့ဗဟိုမဏ္ဍပ်၊ နမ့်စန်မြို့နယ်ဗဟိုမဏ္ဍပ်နှင့် တပ်နယ်အသီးသီးရှိဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာ သင်္ကြန်မဏ္ဍပ်၊ ကျိုင်းတုံတပ်နယ်၊ မိုင်းခွန်တပ်နယ်နှင့် မိုင်းဆတ်တပ်နယ်တို့ရှိရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ရေကစားမဏ္ဍပ်၌လည်းကောင်း၊ မြိတ်မြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည်ရေကစားမဏ္ဍပ်နှင့် မြိတ်လေတပ်စခန်းဌာနချုပ် ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ မိသားစုမဟာသင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ်၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၊ နိဗ္ဗာန်ဈေးပွဲတော်နှင့် ပုသိမ်ရေတပ် စခန်းဌာနချုပ်ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတာရေသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူဖျော်ဖြေရေးမဏ္ဍပ်၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ မင်္ဂလာမန္တလေးမြန်မာ့ရိုးရာလမ်းလျှောက်အတာ သင်္ကြန်မဏ္ဍပ်နှင့် ကျုံးပတ်လည်ရှိ ဌာနဆိုင်ရာရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် အုတ်တွင်းတပ်နယ်ရှိ အတာသင်္ကြန်မဏ္ဍပ်များ၌လည်းကောင်း အတာရေသဘင်ပွဲများကို ဆက်လက်ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများနှင့် တေးသံရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကိုကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
ထို့ပြင် အတာရေသဘင်မဏ္ဍပ်အသီးသီး၌ ရေသဘင်ပွဲဆင်နွှဲကြသူများအား အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးမှုများကို ကြည့်ရှုအားပေးကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲကြသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်၊ စိန်ပန်းမဏ္ဍပ်နှင့် မန်ကျည်းရိပ်မဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိပြီး မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ်များ၌ စတုဒိသာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။
