Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဧပြီ ၂၁

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းနှင့် ဒေါက်တာခိုင်ခိုင်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့ ကကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လမ်းညွှန်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက် (၁၀) နှစ်ပြည့် ကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးမည့် အခြေအနေ၊ e-ID စနစ်ဖြင့် စာရင်းအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းတိုးမြှင့်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရွှေ့ပြောင်းနေထိုင်သူများအနက် နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားကတ်ပြားလဲလှယ်မည့်သူများကို ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းဖွင့်ရာသီဇွန်လမှ ဇူလိုင်လကုန်အထိ အခြေခံပညာကျောင်းများရှိ အသက် (၁၀) နှစ်ပြည့်ပြီးသူ ကျောင်းသား ကျောင်းသူများကို နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Biometric/ Biographic ကောက်ယူကာ Uinque ID နံပါတ် တစ်ပါတည်းထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်နှစ်ရပ်ကို ယခုရက် (၁၀၀) ကာလအတွင်း ထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး စီမံချက်များစနစ်တကျ ရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် အချက်အလက် ကောက်ယူဆောင်ရွက်ခြင်းသည် ပြည်သူများ၏ လက်ငင်းလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းနှင့် ပြည်သူ့အင်အားစာရင်းကောက်ယူထိန်းသိမ်းရေး လုပ်ငန်းစသည့် သမားရိုးကျလုပ်ငန်းများကိုလည်း ရက် (၁၀၀) ကာလအတွင်း နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် လက်ငင်းဦးစားပေးဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြု၊ ပြည်သူ့အကျိုးကို ရှေးရှုကာဝန်ထမ်းများ၏ ဆောင်ရွက်ချက်တိုင်း၌ ဥပဒေနှင့်အညီ ယဉ်ကျေးပျူငှာစွာ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာနဖြစ်သည်နှင့်အညီ နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် ထိရောက်သော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အစိုးရအဖွဲ့၏ ရက် (၁၀၀) ကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းနှင့် ဒေါက်တာခိုင်ခိုင်စိုးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်